မန္တလေးမြို့တော်ဆေးရုံကို ရွှေပြည်သာကျောင်းတိုက်ဆရာတော်မှ အမှုဖွင့်ပါပြီ…!

သွေးချိုတိုင်းစက်အဖြေနှင့် ဆေးမှားယွင်းကုသခံရမှုကြောင့် ပရိတ်ချည်ဆရာတော် ဒေါက်တာအရှင်ဇဝနက မန္တလေးမြို့ မြို့တော်ဆေးရုံမှ တာဝန်ရှိသူများနှင့် စက်ကိရိယာဖြန့်ဖြူးသည့် ကုမ္ပဏီအား အမှုဖွင့်တိုင်ကြား
သွေးချိုတိုင်းစက်အဖြေနှင့် ဆေးမှားယွင်းကုသခံရမှုကြောင့် ပရိတ်ချည်ဆရာတော် ဒေါက်တာအရှင်ဇဝနက မန္တလေးမြို့ မြို့တော်ဆေးရုံမှ တာဝန်ရှိသူများနှင့် စက်ကိရိယာဖြန့်ဖြူးသည့် ကုမ္ပဏီအား မန္တလေးမြို့ အမှတ် ၉ ရဲစခန်းတွင် ဇန်နဝါရီ ၂၈ ရက်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်းလည်း သိရသည် ။
သွေးချိုတိုင်းစက်အဖြေလွဲမှားပြီး ဆေးမှားယွင်းကုသမှုခံရမှုကြောင့် အများပြည်သူ အသက်ပေါင်းများစွာကို ကာကွယ်ရန်အတွက် ဂျပန်နိုင်ငံထုတ် Terumo Glumeter သွေးချိုတိုင်းစက်များကို ပြန်လည်သိမ်းယူပေးရန် ဆေးရုံတာဝန်ရှိသူများနှင့် ဖြန့်ဖြူးသည့် Junior Diamond Star (JDS) ကုမ္ပဏီတို့အား မေတ္တာရပ်ခံထားသော်လည်း အဆိုပါတာဝန်ရှိသူများက နှုတ်ကတိဖြင့် ကတိကဝတ်ပေးခဲ့သော်လည်း….
အများပြည်သူ၏ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲမသမာသောနည်းဖြင့် လက်ရှိအချိန်အထိ ထင်သာမြင်သာ ရှိစေရန် ဆောင်ရွက်ခြင်းမပြုသည့်အတွက် ယခုကဲ့သို့ ကုသမှုပြုလုပ်ပေးခဲ့သည့် သမားတော်ကြီး ဒေါက်တာတင်ကိုကို၊ ဆေးရုံအုပ်ကြီး ဒေါ်နွယ်နွယ်ဝင်း၊ မြို့တော်ဆေးရုံ၏ CEO ဒေါ်ကြူကြူနှင့် Terumo Glumeter ကုမ္ပဏီတို့အား အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆရာတော် ဒေါက်တာအရှင်ဇဝနက မိန့်ကြားသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့ သိပ္ပံလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ မြို့တော်ဆေးရုံတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၂၀ ရက်အထိ တက်ရောက်ဆေးကုသမှုခံယူခဲ့သော စဉ့်ကိုင်မြို့နယ် ပြည်တော်သာကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်ဇဝနမှာ ဆေးရုံ၌ ဆေးကုသစဉ်ကာလတစ်လျှောက်လုံး သွေးချိုကျဆင်းနေ၍ အသက်အန္တရာယ် စိုးရိမ်ရသည်ဟုဆိုကာ တစ်နာရီတစ်ကြိမ်နှိုးပြီး ဆေးသွင်းမှုများကို အိပ်စက်စေခြင်းမပြုစေဘဲ ကုသစေခဲ့ရသည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ “ခုလိုဆေး အဖြေမှားယွင်းကုသမှုနဲ့ပတ်သက်ပြီး လက်ရှိဆေးရုံရဲ့ CEO ဒေါက်တာကြူကြူက ဘာပြောလဲဆိုတော့ ဘုန်းဘုန်း ဒီလိုဆေးတွေ ခုနစ်ရက်၊ ရှစ်ရက် ထိုးထားတဲ့အပေါ်မှာ ဘာမှအန္တရာယ်မရှိဘူး။ ရေသောက်ပြီး ဆီးသွားလိုက်ရင် ပျောက်သွားလိမ့်မယ်တဲ့။ ဆေးရုံပိုင်ရှင် တစ်ယောက်အနေနဲ့ ဒီလိုတာဝန်မဲ့စွာ ပြောခဲ့ပါတယ်။ စက်အဖြေက ၂ ဒသမ ၅ အဆင့်ပဲရှိလို့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ပြောပြီး တစ်နာရီ တစ်ကြိမ်နှိုးပြီး ဆေးတွေသွင်းတယ်။
အိပ်ပျော်သွားရင်ကိုမာ ဖြစ်သွားလိမ့်မယ်လို့ ပြောတယ်။ ခုလို စက်အဖြေက ၀ ဒသမ ၁ လောက်လွဲချော်လို့တောင် မရဘူးလို့ ဆေးပညာအရ သတ်မှတ်ထားပေမယ့် အခု ဘုန်းဘုန်းကို ၅ ဒသမ ၀ ကျော်ကွာဟပြီး မှားယွင်းကုသခဲ့တာ။ ဒါပေမဲ့ ခုလိုအများပြည်သူတွေ ဆက်လက် မှားယွင်းမှုမျိုး မဖြစ်ဖို့ ဒီစက်ကိရိယာတွေကို Recall လုပ်ဖို့ မေတ္တာရပ်ခံပြီး စောင့်ဆိုင်းခဲ့ပေမယ့် ဖြစ်မလာဘူး။ ဒါကလည်း ဆေးရုံရော၊ ကုသမှုပေးတဲ့ ဆရာဝန်ကြီးကိုရော၊ JDS ကိုရော ထိခိုက်နစ်နာစေဖို့ မဟုတ်ပေမယ့် ခုလိုတွေ မဖြစ်အောင် လုပ်ရတာ။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စက်တင်သွင်းဖြန့်ဖြူးတဲ့ JDS ကုမ္ပဏီကို ဆေးရုံက တရားစွဲဆိုရမှာလို့ထင်တယ် ။ ဒါပေမဲ့ သူတို့က JDS ကို တရားမစွဲဘဲ ပြီးပြီးပျောက်ပျောက်နဲ့ ပြီးချင်တယ် ။ ဒီပစ္စည်းတွေက သိန်းဂဏန်းပတ်ချာ လည်လောက်ပဲ တန်ကြေးရှိတယ်လို့သိရပြီး မြန်မာပြည်ထဲမှာ ဒေါ်လာ နှစ်သိန်းခွဲဖိုးလောက် ပျံနှံ့နေပြီ။ မဖြန့်ဖြူးသေးတဲ့ပစ္စည်းတွေလည်း အများကြီး ကျန်နေသေးတယ် ။ သူတို့ကတော့ နှုတ်ကတိနဲ့ရပ်ပါ့မယ် ပြောတယ်။
မရောင်းပါဘူး ပြန်ပြီး recall လုပ်ပါ့မယ်လို့ အကြိမ်ကြိမ်ကတိခံတယ်။ အဲဒီလို ကတိခံပေမယ့် တစ်ပတ်ပြည့်တော့လည်း လုပ်မလာဘူး။ ဒါကြောင့် ဘုန်းဘုန်းက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး စတဲ့နေရာတွေမှာ ဒီပစ္စည်းတွေ လိုက်ဝယ်တော့ ဝယ်လို့ရနေတယ်” ဟု ဆရာတော် ဒေါက်တာအရှင်ဇဝနက မိန့်ကြားခဲ့သည် ။
ယင်းသို့ စက်ကိရိယာ မှားယွင်းအဖြေထွက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဂျပန်နိုင်ငံ ကုမ္ပဏီက ဆရာတော်အား လာရောက်တွေ့ဆုံညှိနှိုင်းခဲ့ပြီး ၎င်းတို့မှားယွင်းခဲ့ကြောင်း ဝန်ခံကတိပြုလုပ်ခဲ့ကြောင်းနှင့် Terumo အမျိုးအစား Glucometer ၏ သွေးအဖြေများသည် ဓာတ်ခွဲခန်းသွေးအဖြေများနှင့် နှိုင်းယှဉ်စစ်ဆေးရာ လွဲမှားနေကြောင်း တွေ့ရှိရ ၍ ၎င်းစက်ကိရိယာများကို ပြန်လည်သိမ်းဆည်း၍ ဆက်လက်အသုံးမပြုတော့ကြောင်း မြို့တော်ဆေးရုံက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့စွဲဖြင့် အတည်ပြု ရှင်းလင်းချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင်ပတ်သက်၍ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းတွင် (ပ) ၁၁၀/၂၀၁၉၊ အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လှစ် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နှင့် မြို့တော်ဆေးရုံမှာ ၂၀၁၆ ခုနှစ် နှစ်ကုန် ပိုင်းကလည်း လာရောက်ဆေးကုသစစ်ဆေး သူတစ်ဦးအား AIDS ရောဂါရှိသည်ဟု မှားယွင်းအဖြေထုတ်ပြန်မှုကြောင့် တရားရင်ဆိုင်ခဲ့ရပြီး ခရိုင်တရားရုံးက နစ်နာသူအား ကျပ် သိန်း ၃၀၀ နှင့် တရားစရိတ်များ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မင်းသန့် Eleven
photo: google
https://thadinyatkwat.com/archives/18617
No comments:
Post a Comment