ads

sponsor

Saturday, January 25, 2020

"တရုပ်ပြည် ဝူဟန်မြို့က ဗိုင်းရပ်စ်"

"တရုပ်ပြည် ဝူဟန်မြို့က ဗိုင်းရပ်စ်"

ပြောရရင် ကိုရိုနာဗိုင်းရပ်စ် အုပ်စုဝင်ထဲက လူတွေ
တစ်ခါမှ မကြုံဖူးကြသေးတဲ့ ဗိုင်းရပ်စ်ပိုးသစ်
တစ်မျိုးဗျ။

တခြား ကိုရိုနာဗိုင်းရပ်စ်အုပ်စုဝင်ပိုးတွေလိုပဲ
တိရိစ္ဆာန်ကနေ လာတာ။

တရုတ်ပြည် ဝူဟန်မြို့ထဲမှာရှိတဲ့ ဟူနန်
ပင်လယ်စာ လက်ကားဈေးကြီးထဲမှာ အလုပ်လုပ်
ရင်းနဲ့ဖြစ်စေ ခဏ ခဏ အဲဒီဈေးမှာ ပင်လယ်စာနဲ့
သားစိမ်း ငါးစိမ်းတွေကို လတ်လတ်ဆတ်ဆတ်
သတ်ဖြတ်ခုတ်ထစ်ပြီး ရောင်းချတာကို သွားဝယ်
ရင်းနဲ့ဖြစ်စေ စပြီး ကူးစက်လာတာ။

အီဘိုလာတို့ ကြက်ငှက်တုတ်ကွေးတို့လိုပဲ ဗိုင်းရပ်စ်
မျိုးသစ်တွေဟာ သားငါးတိရိစ္ဆာန်တွေဆီကပဲ
အခြေပြုလို့ ထွက်ပေါ်လာတာချည်းပဲ မဟုတ်လား။

ဆားစ် Severe acute respiratory syndrome
(Sars) ရောဂါနဲ့ မားစ် Middle Eastern
respiratory syndrome (Mers) ရောဂါ တွေဟာ
လည်းပဲ တိရိစ္ဆာန်ကနေ စတင်ကူးစက်ခဲ့ဖူးတဲ့
ကိုရိုနားဗိုင်းရပ်စ်အုပ်စုဝင်တွေပေါ့ဗျာ။

မားစ်ရောဂါဟာ အရှေ့အလယ်ပိုင်း အာရပ်ဒေသ
မှာနေတဲ့ ကုလားအုပ်တွေကနေ ကူးစက်လာကြ
တယ်လို့ ဆိုပေမယ့် သူ့အရင်းအမြစ်မှန်ကတော့
ဆားစ်ရောဂါရော မားစ်ရောဂါပါ လင်းနို့ တွေ
ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။

ကဲ ဒီတစ်ခေါက်တော့ ရောဂါဟာ ဝူဟန်မြို့ကနေ
စတဲ့ ကိုရိုနာဗိုင်းရပ်စ်မို့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်လို့
ခေါ်ကြပါစို့ရဲ့။

ဒီ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာ နျူမိုးနီးယားခေါ်တဲ့
အဆုတ်ယောင်ရောဂါ ဖြစ်စေတယ်။ ဒီဗိုင်းရပ်စ်
ကြောင့် ဖျားနာတဲ့သူတွေဟာ ချောင်းဆိုးရာကနေ
စတယ်၊ ဖျားတယ် ပြီးတော့ အသက်ရှုရ ခက်လာ
သတဲ့။

ရောဂါ သိပ်ဆိုးလာတဲ့ လူနာတွေဟာ ခန္ဓာ
ကိုယ်တွင်းက အင်္ဂါတွေ အလုပ်မလုပ်တော့ပဲ
ပျက်စီးလာသတဲ့။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နျူမိုးနီးယား အဆုတ်
ယောင်ရောဂါမို့ ဘယ်ပဋိဇီဝဆေး antibioticsမှ
သက်သာပျောက်ကင်း ထိရောက်မှုမရှိပါဘူး။

တုတ်ကွေးရောဂါမျိုးစုံကို ကို ကုသပေးနေတဲ့
ဗိုင်းရပ်စ်နှိမ်နှင်းဆေး မှန်သမျှနဲ့ကလည်း
အလုပ်မဖြစ်ပါဘူးတဲ့ဗျာ။

ဒီရောဂါဖြစ်လို့ ဆေးရုံတင်ရပြီ ဆိုရင်တော့
လူနာရဲ့ အဆုတ်နဲ့ တစ်ခြား ကိုယ်တွင်းအင်္ဂါတွေ၊
သွေးရည်ကြည်တွေကို အထောက်အကူပြု တာပဲ
လုပ်ပေးနိုင်ပါသေးသတဲ့။

ပြန်ကောင်းလာဖို့ကတော့ လူနာတွေရဲ့ ခန္ဓာကိုယ်နဲ့
ကိုယ်ခံစွမ်းအားပေါ်မှာပဲ မူတည်တယ်လို့ ဆိုတယ်။

သေသွားကြတဲ့ လူနာအများစုကတော့ နဂို
ကတည်းက ကျန်းမာရေးအားနည်းနေသူတွေ
အများစုဖြစ်ကြပါသတဲ့။

မရေးတော့ဘူးနေတာ အများထိတ်လန့်စရာ
ဖြစ်လာတော့လည်း မနေသာပြန်ဘူး

လူကနေ လူအချင်းချင်း ကူးစက်နိုင်သလား။

တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က
လူ လူချင်း ကူးစက်နိုင်တယ်လို့ အတည်ပြုတယ်။
မနေ့ သောကြာနေ့ ၂၄/၀၁/၂၀၂၀ တရုတ်ရဲ့
အတည်ပြုချက်က ကူးစက်မှု ၈၃၀ ရှိင်္ပြး သေသူ
၂၆ ယောက်ရှိပြီတဲ့။

ပြီးခဲ့တဲ့ အပတ်ကတော့ ရောဂါကူးစက်တယ်လို့
အတည်ပြုတာ သုံးဆပိုများပြီး ကူးစက်ခံရတဲ့
တရုတ်ပြည်နယ် ၁၃ ခု ရှိတယ်ပြောသဗျ။ ဒါ့အပြင်
ဘေကျင်း၊ ရှန်ဟိုင်း၊ ချုံကျင်းနဲ့ တီယန်ကျင်း
မြို့တွေမှာလည်း ကူးစက်နေပြီလို့ ပြောတယ်။

တရုတ်ပြည် အပြင်ဘက်ဆိုရင်တော့ ဟောင်ကောင်
မကာအို ဂျပန် နီပေါ စင်္ကာပူ တောင်ကိုရီယား
ထိုင်ဝယ် ထစ်ကနဲဆို ပါလိုက်ရမှ ခေတ်မှီတယ်
ထင်တဲ့ ထိုင်းနိုင်ငံ အမေရိကန်နဲ့ ဗီယက်နမ်တွေမှာ
ကူးစက်ပြန့်ပွားနေပြီလို့ ဆိုတယ်။

ဗြိတိန်မှာတော့ မသင်္ကာသူ ၁၄ ယောက်ကို စစ်ဆေး
ရာမှာ တစ်ယောက်မှ မတွေ့ဘူးလို့တော့ဆိုသဗျာ။

တရုတ်ပြည်မှာကလည်း ကုံစီဖချိုင် ကြွက်နှစ်ကူး
ပွဲတော်ကြီးကို ၂၄ ရက်နေ့ကစပြီး တစ်ပတ်ကြာ
စည်စည်ကားကား လုပ်ကြတာဆိုတော့ အိမ်ပြန်
လာမယ့် တရော်တကုတ်တွေ သန်းချီပြီးရှိတာလေ။

လတ်တလောတော့ တရုတ်ပွဲတော်ကြီးတွေကို
ပိတ်တန်တာ ပိတ်၊ မြို့ကြီးတွေ ပတ်ပတ်လည်
ပိတ်ဆို့လို့ အဝင်အထွက် တားတန်တာ တား
လုပ်နေကြလေရဲ့။

ဒီနေရာမှာ အခုအခြေအနေကတော့ မကျန်းမာတဲ့
ညှောင်နာနာငတိတွေ အရင်ကြွနှင့်ကြ ဆိုတဲ့
အခြေအနေပေါ့ဗျာ။

တစ်ချို့ကတော့ ရောဂါကို ဆိုးဆိုးရွားရွား မခံစား
လိုက်ကြပေမယ့် တစ်ချို့ကတော့ အသည်းအသန်
ထိတယ်လို့ ဆိုကြတယ်။ ဒီလိုဆိုတော့ ရောဂါရဲ့
ကူးစက်မှုပြန့်တဲ့အနေအထားကို မှန်းရခက်သဗျ။

လတ်တလော မကြာခင်ကမှ တရုတ်ပြည်ကို
သွားခဲ့ကြလို့ ချောင်းနည်းနည်းပဲ ဆိုးဆိုး၊
ဖျားချင်သလိုပဲဖြစ်ဖြစ်နီးရာဆေးခန်း ပြေးရော့
ကိုယ့်လူတို့။

ရင်ဘတ်အောင့်တာ အသက်ရှုကြပ်တာဆိုလည်း
မပေါ့နဲ့ ... အစိုးရဆေးရုံကို အရောက်ပြေး။

ခွဲခန်းသုံး မျက်နှာဖုံးကို ဖြစ်နိုင်ရင် ဝယ်တပ်။
အနည်းဆုံးတော့ သာမန်မျက်နှာဖုံးတပ်ထား။

ခုချိန်ထိတော့ ဒီဗိုင်းရပ်စ်အသစ်က ဘယ်လောက်
ဆိုးဆိုးရွားရွားအနေအထားမှာရှိမယ်ဆိုတာကို
ခန့်မှန်းလို့ မရသေးဘူး။ နောက်ထပ် အချက်
အလက်တွေ ထပ်ရလာမှ ပြောလို့ရမှာ။

ခက်တာက လူတွေဆိုတာကလည်း အိမ်မှာ
ငန်းဆေး၊ ဆေးနီမှုန့်၊ ဆရာခို၊ လျက်ဆား
လောက်နဲ့ မှေးကုနေတတ်ကြတာ မဟုတ်လား။

မရှုနိုင်မကယ်နိုင်ဖြစ်လာတော့မှသာ ဆေးရုံကြီးကို
ပြေးတတ်ကြတော့ ဘယ်နိုင်ငံမှာပဲ စဖြစ်ဖြစ်
လတ်တလောမှာ အချက်အလက်မှန်ရဖို့ အတော်
ခဲယဉ်းနေသေးတယ်ဗျ။

သက်ကြီးရွယ်အို ကိုယ်ခံအားနည်းတဲ့သူတွေ၊
ရင်ကျပ်ပန်းနာနဲ့ အသက်ရှုလမ်းကြောင်း အဆုတ်
ရောဂါရှိတဲ့သူတွေ ယွပိုးထိုးပြီး အသသ်ဖွင့်တဲ့
ကုန်တိုက်ကြီးတို့ ဘာညာ သာရကာ ပလာဇာတို့
ရှော့ပင်းထွက်တာ လေညှင်းခံတာ မော့ကြည့်
လျှောက်ပြန်လုပ်တာတို့ သိပ်မလုပ်ကြနဲ့ဦးဗျ။
ယူတို့ဆီမှာ ပေါက်ဖော်တွေကလည်း .....
ခပ်များများရယ်။

ကဲ ... ဒီလောက်ဆိုရင် အခုဟော့ဖြစ်နေတဲ့
ဝူဟန်ကိုရိုနာဗိုင်းရပ်စ်အကြောင်း အွန်လိုင်းပေါ်မှာ
အချင်းချင်း သတင်းလုပ် အတင်းတုပ်လို့
ရနိုင်သလောက်တော့ သိသွားပြီ။

ထိန့်လန့်ခြောက်ခြားစရာတော့ မရှိဘူး။ သတိနဲ့
ဆင်ဆင်ခြင်ခြင် နေထိုင်သွားလာ စားသောက်
တတ်ဖို့တော့လိုတယ်။

သွား သတိ၊
စား သတိ၊
နေ သတိ ..... ဆင်ဆင်ခြင်ခြင်နေပါ။ မျက်နှာဖုံး
တပ်ပြီးမှ လူကြားထဲ သွားလာပါ။

ကိုဇော်
ဘန်ကောက် 
https://www.facebook.com/zawminn/posts/4226282574064344
https://www.facebook.com/zawminn/posts/4226408847385050

No comments:

Post a Comment