ads

sponsor

Friday, June 7, 2019

မန္တလေးကျုံးပတ်လည် ထီရောင်းလိုပါက လိုင်စင်ပြုလုပ်ရမည်

မန္တလေးကျုံးပတ်လည် ထီရောင်းလိုပါက လိုင်စင်ပြုလုပ်ရမည်
မန္တလေးကျုံးပတ်လည် ထီရောင်းလိုပါက လိုင်စင်ပြုလုပ်ရမည်
04-Jun-2019 

မန္တလေး၊ ဇွန် ၎

မန္တလေးကျုံးပတ်လည်နှင့် အခြားနေရာ ၅ ခုတွင် အောင်ဘာလေထီလှည့်လည်ရောင်းချခွင့်အတွက် လိုင်စင်ပြုလုပ်ရန် လိုအပ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

ဘဏ္ဍာနှစ် တစ်နှစ်စာအတွက် ကျသင့်သောနှုန်းထားများမှာ ၂ တန်အောက် ကားတစ်စီးလျှင် ကျပ်နှစ်သိန်း၊ ၁ တန်အထိ ကားငယ်တစ်စီးလျှင် ငွေကျပ် တစ်သိန်းခွဲ၊ သုံးဘီးယာဉ်နှင့် ထီလက်တွန်းလှည်းတစ်စီးလျှင် ငွေကျပ်တစ်သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျုံးဘေး၌ လတစ်လ၏ နောက်ဆုံး ၅ ရက်တွင် ည ၇ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပေးသွားမည်ဖြစ်ပြီး လမ်းဆုံ၊ လမ်းခွ၊ ဖြူနီကြားနေရာများ၊ ယာဉ်ကြောရှုပ်ထွေးသော နေရာနှင့် အများပြည်သူ လမ်းလျှောက်သည့်နေရာများကို ပိတ်ဆို့ရောင်းချခြင်းကိုမူ ခွင့်မပြုကြောင်း စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှူးဦးသက်နိုင်က ပြောကြားသည်။

ယခင်က ကျုံးဘေး၌ ထီရောင်းချခွင့်ကို တားမြစ်ထားကြောင်းနှင့် လိုင်စင်ပြုလုပ်ပြီးပါက ကျုံးဘေးပတ်လည်၌ ရောင်းချခွင့် အပါအဝင် မန္တလေးမြို့ ဧရိယာအတွင်းရှိ အခြားနေရာ ၅ ခုကိုလည်း အဆိုပြုလျှောက်ထားနိုင်ကြောင်း ၎င်းက ပြောဆိုသည်။ 

“မကုန်တဲ့ ထီတွေကို လကုန် ၅ ရက်လောက်တော့ ကျုံးဘေးမှာ ရောင်းချင်တယ်။ သတ်မှတ်တဲ့ အခွန်အခပေးသွင်းလည်း ပေးသွင်းပါမယ်ဆိုပြီး ထီလှည်းသမားတွေက ကော်မတီကို လာရောက်တောင်းဆိုတာတွေ ရှိပါတယ်။ ထီသမားတွေကို အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ ကျုံးဘေးမှာ ၅ ရက် ရောင်းချခွင့်ပြုပေးခဲ့တာပါ။ သူတို့ တောင်းဆိုမှုအပေါ် စီစဉ်ခွင့်ပြုပေးတာပါ” ဟု ၎င်းက ရှင်းပြသည်။

ကျုံးဘေး၌ ထီရောင်းချသောကြောင့် စည်ပင်သာယာရေးဝန်ထမ်းများ၏ ဖမ်းဆီးမှုများရှိခဲ့ပြီး ဒဏ်ကြေးပေးသွင်းရမှုများလည်းရှိခဲ့ကြောင်း ထီရောင်းချသူအချို့က ပြောကြားသည်။ 

သုံးဘီးယာဉ်ဖြင့် ထီရောင်းချသူ ဒေါ်ခင်မာကြည်က “အခုလိုခွင့်ပြုပေးတာတော့ ကောင်းမယ်လို့ ထင်တယ်။ ဒါမှလည်း စိတ်ချလက်ချ ရောင်းလို့ရမယ်။ သင့်တော်တဲ့ ဈေးနှုန်းတော့ ဖြစ်စေချင်တာပေါ့”ဟု ဆိုသည်။

ကျုံးဘေး၌ ထီရောင်းချရန် နေရာချထားဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းနှင့် အရှုပ်အထွေး၊ အငြင်းပွားမှုများရှိလာပါက ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးသက်နိုင်က ထပ်လောင်းပြောဆိုသည်။

လိုင်စင်များကို ယခုလမှစတင်၍ လျှောက်ထားနိုင်ပြီး ကျုံးဘေးတွင် လိုင်စင်မရှိပဲ ထီရောင်းချပါက ပထမအဆင့်အနေဖြင့် မှတ်ပုံတင်လုပ်ဆောင်ရန် အသိပေးခြင်းနှင့် စည်ပင်သာယာရေးဥပဒေအရ ငွေကျပ် ၁၀၀၀၀ မှ ၅၀၀၀၀ ကျပ်အထိ စည်းကြပ်အရေးယူနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
http://thevoicemyanmar.com/news/34461-man?fbclid=IwAR2bhV18mJMaOPu4pPCqTZ8tM6DpGRca3ywqacyvkKAdPpU-snlz33cPByQ

No comments:

Post a Comment