''ဆေးရုံသို့ရောက်ရှိလာသော မြွေကိုက်လူနာနှင့် ပြဿ နာဖြစ်ပွါးခြင်း''

ဆေးရုံရောက်ရှိချိန် ၂၂:၃၀/၂၉ ၅ ၁၉
ဖြစ်စဉ် . . . . ကြပ်စခန်းကျေးရွာ တွင် ကျောက်မီးသွေးတွင်း လုပ်ကိုင်သူများဖြစ်သည်ဟု ပြောကြသော မြန်မာနိုင်ငံသား တရုတ်လူမျိုး မောင်. . . . .(လူနာ),၂၇နှစ် , မြန်မာစကားပြန်တစ်ဦး နှင့် တရုတ်နိုင်ငံသား တရုတ်လူမျိုး ၂ ဦးတို့ သည် လူနာအား မြွေကိုက်ခံရသဖြင့် ဆေးရုံသို့ရောက်ရှိလာခဲ့သည်။
၂၁:၃၀ ခန့်တွင်မြွေကိုက်ခံရသည်ဟုပြောသည်။ မြွေပါမလာပါ။ မြွေအားမြင်လိုက်သော်လည်း မြွေအမျိုးအစား မသိပါဟု စကားပြန်မှပြောသည်။
လူနာသည် ဘီယာနှစ်လုံးသောက်ထားသည်ဟုပြောသည်။ သတိရရှိမှု အခြေအနေ ပုံမှန်ဖြစ်သည်။သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း ပုံမှန်ဖြစ်သည်။ ယာဘက်ခြေကျင်းဝတ်တွင် အစွယ်ရာ တွေ့ရသည်။အကိုက်ခံရသည့် နေရာဝန်းကျင်တွင် ဖူးယောင်မှုမရှိပါ။
ယာခြေထောက်တွင် ကြိုးဖြင့် တင်းကျပ်စွာ စည်းထားသည်။ သစ်ရွက်များ ကြိတ်၍ အုံထားသည်ဟု ယူဆရသော အစိမ်းဖတ်များတွေ့ရသည်။
လူနာသည် မြွေဆိပ်တက်သော လက္ခဏာများ မတွေ့ရပါ။လူနာအား စမ်းသပ်ပြီးနောက် ဆေးရုံတက်ရန်လိုအပ်ကြောင်း , သွေးစစ်၍ မြွေဆိပ်တက်လက္ခဏာ ရှိပါက မြွေဆိပ်ဖြေဆေးထိုးရမည်ဖြစ်ကြောင်းနှင့် မရှိပါက ၂နာရီခြား တစ်ခါ သွေးစစ်ခြင်း နှင့် အခြားသော မြွေဆိပ်တက်လက္ခဏာများအား စောင့်ကြပ် ကြည့်ရှုရမည်ဖြစ်ကြောင်း အေးဆေး စွာရှင်းပြခဲ့သည်။
ထိုအခါတွင် လူနာနှင့်အတူပါလာသော တရုတ်နိုင်ငံသား တရုတ်လူမျိုးသည် စကားပြန်မှတဆင့် မြွေဆိပ်ဖြေဆေး ချက်ခြင်းထိုးပေးရန် ကျွန်တော့်အားပြောပါသည်။
သွေးအဖြေတွင် မြွေဆိပ်တက်လက္ခဏာ တွေ့ပါက ထိုးပေးမည် ဖြစ်ကြောင်းနှင့် မတွေ့ပါက ချက်ခြင်းထိုးပေးရန် မဖြစ်နိုင်ကြောင်း ရှင်းပြပါသည်။ သို့သော်လည်း မြွေဆိပ်ဖြေဆေး ထိုးပေးရန်သာ ထပ်ကာ ထပ်ကာ ရန်လိုသော အမူအယာနှင့် တွင်တွင်ပြောနေပါသည်။
ထို့ကြောင့် အေးဆေးစွာ သေချာထပ်ရှင်းပြပါသည်။ မြွေလည်း မပါလာခြင်း နှင့် မြွေအမျိုးအစားလည်း မပြောပြနိုင်ကြသဖြင့် ကျွန်တော့်အနေဖြင့် မြွေအမျိုးအစားအား ခွဲခြားနိုင်ရန် မလွယ်ကူပါကြောင်း။ ထို့ကြောင့် လူနာအား ကိုက်သော မြွေသည် အဆိပ်ရှိသော မြွေဖြစ်နိုင်သကဲ့သို့ အဆိပ်မရှိသော မြွေလည်း ဖြစ်နိုင်ကြောင်း , အဆိပ်မရှိသောမြွေ အကိုက်ခံရခြင်းဖြစ်ခဲ့ပါက အဆိပ်ဖြေဆေးထိုးခြင်းမှာ ကောင်းကျိုးမရှိသည့် အပြင် အခန့်မသင့်ပါက ဆေးဓါတ် မတည့်မှုဖြစ်ကာ အန္တရာယ်ရှိနိုင်ကြောင်း နှင့် မြွေအမျိုးအစားမသိသောကြောင့် မြွေပွေး နှင့် မြွေဟောက် မည်သည့် မြွေအမျိုးအစား ဖြေဆေး ထိုးပေးရမည် ကို မြွေဆိပ်တက် လက္ခဏာ မပေါ်ပဲ ခွဲခြားဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း သေချာ စွာ ရှင်းပြခဲ့သည်။
ထိုသို့ရှင်းပြသည့် တိုင်အောင်ပင် ထိုပုဂ္ဂိုလ် သည် ဖြေဆေးထိုး ပေးရန်သာ အတင်းအကြပ် ပြောဆိုခဲ့ပါသည်။ထို့ကြောင့် ဤဆေးရုံတွင် ကုသမည် ဆိုပါက ရှင်းပြခဲ့ပြီးဖြစ်သည့် ကုသမှု လမ်းကြောင်း အတိုင်းသာသွားမည် ဖြစ်ကြောင်းနှင့် အခြားဆေးရုံကြီးများသို့ သွားလိုပါကလည်း လွှဲပေးမည် ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုအခါ တရုတ်နိုင်ငံသားသည် ဖုန်းဆက်ပါတော့သည်။ တရုတ်ဘာသာစကား နားမလည်သဖြင့် ဘာပြောမှန်း မသိသော်လည်း ကျွန်တော့်အား လက်ညှိုး တထိုးထိုးဖြင့် အော်ကြီးဟစ်ကျယ် ပြောဆိုနေသည်မှာ အင်မတန်ရိုင်းစိုင်းစွာ ပြောနေမှန်း ခန့်မှန်းသိရပါသည်။ထို့အပြင် ကျွန်တော့်အား လက်ကိုင်ဖုန်းအား အတင်းထိုးပေး၍ မည်သူမှန်းမသိသော တစ်ဘက်လူနှင့် စကားပြောခိုင်းပြန်ပါသည်။ ခင်ဗျားတို့အချင်းချင်းပဲ ပြောကြပါ ဟု စကားပြန်အား ပြောခိုင်းလိုက်ပါသည်။
စကားပြန်အား မေးသောအခါ သူတို့၏ လူ ကြီးနှင့် ပြောနေခြင်း ဖြစ်ကြောင်း , ဤဆေးရုံတွင် ကုမလား အခြားဆေးရုံသို့ သွားမလား ဆိုသည်မှာ လူကြီးလာမှ ဆုံးဖြတ်မည် ဖြစ်ကြောင်း နှင့် လူကြီးသည် အလာ လမ်းသို့ရောက်နေပြီ ဖြစ်ကြောင်း ပြောပြပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည် ၄င်းတို့၏ လူကြီးဆိုသူအား စောင့်ကြရပြန်ပါသည်။ ထိုသို့စောင့်နေစဉ်အတွင်း ဖြည်ထားသော ခြေထောက်မှကြိုးအား တင်းကျပ်စွာ ပြန်လည် စည်းခြင်း ဆားများယူလာ၍ ရေဖျော်ကာ တိုက်ခြင်းများ ပြုကြပြန်သည်။ ထိုသို့ မလုပ်ရန်ပြောသော်လည်း ဝူးဝါးဝူးဝါးပြန်ပြောကာ နားမထောင်ပဲ ဆက်လုပ်ကြပါသည်။
စောင့်ဆိုင်းချိန် မိနစ်၂၀ခန့် ကြာသော အခါ ကျွန်တော်မှ ခင်ဗျားတို့ လူကြီးကို ဆက်စောင့် ရမှာလား လိုအပ်သော သွေး ဆီး စစ်ဆေးမှုနှင့် ကုသမှုများ လုပ်ရမှာလားလို့မေးပါသည်။ ထိုအခါတွင် လူနာမှ ကျွန်တော့်အား ငါ. .ိုးမသား မအေ. .ိုး မင်းဘာသာ စစ်ချင်စစ် မစစ်ချင် မစစ်နဲ့ကွာဟု ထအော်ပြောပါသည်။ နိုင်ငံကြီးသားပီသစွာ ယဉ်ကျေးမှု အဆင့် အတန်းအား ဤသို့ဖော်ပြခဲ့သည်။
ကျွန်တော့် ၏ ဒေါသတို့သည် အထွဋ် အထိပ်သို့ ရောက်သွားလေပြီ။ သို့သော် ကျွန်တော်တို့သည် ၄င်းတို့နှင့် ပြိုင်၍ ရိုင်းစိုင်းရန် မသင့်သဖြင့် ငါတို့က မင်းတို့ကို ကူညီပေးဖို့လုပ်နေတာ မင်းတို့တွေ ဆေးရုံမှာ ဒီလိုရိုင်းရိုင်း စိုင်းစိုင်း ပြောတာ လက်မခံနိုင်ဘူး ဟုပြန်ပြောကာ ရဲသွားခေါ်ချေဟု ကျွန်တော့် ဝန်ထမ်းအား ပြောလိုက်ပါသည်။
ထိုသို့ပြောသောအခါတွင်၎င်းတို့၏ လူကြီးဆိုသူအားပင် မစောင့်တော့ပဲ ဆေးရုံမှ ထွက်သွားကြပါတော့သည်။ ကျွန်တော်သည် အလုပ်ကိစ္စအခက်အခဲများအား facebookတွင် ညဉ်းချင်း ချလေ့ရှိသူ မဟုတ်ပါ။လွန်ခဲ့သောနှစ်များစွာကလည်း ကျွန်တော်၏ဇနီးသည် ယခုထက်ပိုမိုဆိုးရွားသော ရိုင်းစိုင်းစွာ ပြုမူမှုကို အခြားဆေးရုံတစ်ခုတွင် ကြုံတွေ့ခဲ့ရဘူးသည်။သို့သော်လည်း မိမိတို့နောက်တွင် မားမားမတ်မတ်ရပ်တည်မှု မရှိသဖြင့် ကြိတ်မှိတ်ကာသာသည်းခံခဲ့ကြရသည်။ပြန်တွေးမိတိုင်း ရင်နာကြရသည်။
ယခုပြဿ နာတွင်လည်း သည်းခံ ပြီး နေလိုက်ရမှာပါပဲ။ မခံနိုင်လို့ တရားစွဲပြန်ရင်လည်း ကိုယ့်တစ်ယောက်တည်းပဲ အလုပ်ရှုပ်ရဦးမှာပါ။ ကိုယ့်အလုပ်မှ မအားရတဲ့ကြား မြွေပူရာ ကင်းမှောင့် သလိုပဲ ဖြစ်ပြန်ဦးမှာပါ။
ဒီလိုပြဿ နာမျိုးဟာ ကိုယ့် တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ကျန်းမာရေးဝန်ထမ်းအားလုံးလိုလို တစ်နည်း မဟုတ် တစ်နည်း ကြုံနေရကြတဲ့ ပြဿ နာပါ။ကျန်းမာရေးလောကသားများ လုပ်ငန်းခွင်အတွင်း စော်ကားခံရမှုအား ကြိတ်မှိတ်သည်းခံခြင်းတည်းဟူသော တစ်ခုတည်းသောနည်းလမ်းမှ ထိုထက်ကောင်းမွန်သော ဖြေရှင်းနည်းအားရ ရှိမည့် အချိန်ကို မျှော်လင့် အိပ်မက် မက်လိုက်ပါဦးမည်။ကျန်းမာရေး လောကကြီး GOOD LUCKပါခင်ဗျာ။
1:35am/ 30 5 19
Drသက်နောင်စိုး
တိုက်နယ်ဆရာဝန်
ယင်းမာပင်တိုက်နယ်ဆေးရုံ
https://www.facebook.com/photo.php?fbid=1624536727690553&set=a.112813135529594&type=3

No comments:
Post a Comment