ပဲခူတိုင်းတွင် ကော်ရှူသည့် လူငယ်များ ပိုမိုများပြားလာ
ဇန်နဝါရီ ၁၆
ပဲခူးတိုင်းတွင် ကော်ရှူသည့် လေလွင့် လူငယ်များ ပိုမိုများပြားလာပြီး တိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် အချိန်မီ တားဆီးရန် လိုအပ်လျှက်ရှိသည်။
လေလွင့် လူငယ်များ ကော်ရှူမှု ပိုမိုများပြားလာသောကြောင့် တိုင်းအစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ပဲခူးတိုင်းလွှတ်တော်တွင် ပြည်မြို့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျကကြယ်ပွင့်ပြ မေးခွန်း မေးမြန်းဖူးသည်။

အဆိုပါမေးခွန်း နှင့်ပတ်သက်ပြီး တိုင်းအစိုးရ နယ်လုံဝန်ကြီးက ကော်ရှူခြင်းအား ဥပဒေအရ တားမြစ်ထားခြင်း မရှိသေးကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားမှုအား လွှတ်တော်ကိုယ်စားလှယ်က ဆက်စပ်မေးခွန်းထပ်မံမေးမြန်းမှုပေါ်ကော်ရှူခြင်းအလေ့အထ ပဲခူးတိုင်းတွင် ပပျောက်ရန်အတွက် ဒေသန္တရ အမိန့်တစ်ရပ် ထုတ်ပြန်တားမြစ်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားထားသည်။
လေလွင့် လူငယ်များ မူးယစ်ဆေးသဖွယ် ရှူနေသည့်ကော်အမျိုး အစားမှာ တီဗီကော် ၊ သစ်သားကပ်ကော် တို့ အများဆုံး ဖြစ်ပြီး တစ်ဗူးလျှင် ကျပ်တစ်ထောင်ကျော်ခန့်သာ ရှိကြောင်း သိရသည်။
” ကော်ရှူလိုက်ရင် လန်းဆန်းသွားတယ်။ နတ်ပြည် ရောက်သွားတယ်။ တနေ့ကို တစ်ဗူးကုန်တယ်။ ဈေးကြီး ထဲကပဲ ဝယ်တာ တီဗီကော်လို့ ပြောလိုက်ရင်ရတယ် ” ဟု ကော်ရှုသည့် လူငယ်တစ်ဦးက ပြောသည်။
ကော်ရှူလိုက်ပါက ထမင်းစားရန်မလိုတော့ကြောင်း ၊ ထမင်းစားချင်သော ဆန္ဒလုံးဝ မရှိတော့သည့်အပြင် စိတ်မှာ လန်းဆန်းနေကြောင်း ၎င်းကဆိုသည်။
လူငယ်များ ကော်ရှူသည့် အလေ့အထ ပိုမိုများပြားလာခြင်းကို အချိန်မီတားဆီးနိုင်မှသာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုနှင့် မှုခင်းများ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရာရောက်မည်ဖြစ်ကြောင်း ဥပဒေ ပညာရှင်များက သုံးသပ်သည်။
” အလွယ်တကူလည်း ဝယ်လို့ရနေတယ်။ ဈေးကလည်း ပေါတယ်။ ဒါပေမယ့် ကော်ရှူတာက လေလွင့်လူငယ်တွေများတယ်။ သူတို့ ရှူချင်တဲ့ ဆန္ဒဖြစ်လာပြီး ကော်ဝယ်စရာ ငွေမရှိတဲ့အခါ ဘယ်လိုရှာကြမလဲ ။ ရတဲ့နည်းနဲ့ လုပ်လာမယ်ဆိုရင် အမှုအခင်းတွေ ဖြစ်မလာဘူးလို့ ပြောလို့မရဘူး “ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
ကော်ရှူသည့် လူငယ်အများစုမှာ လမ်းဘေးတွင် ရေသန့်ဗူး ဘီယာဗူး ကောက်၍ ကော်ဝယ်ရန်အတွက် ငွေရှာခြင်းနှင့် လူစည်ကားသော နေရာများတွင် တောင်းရမ်းတို့ကို ပြုလုပ်ကြသည်။
” တောင်းရတာပေါ့။ တစ်ခါတလေ ငွေတော်တော်များများရတယ်။ သုံးလေးရက်လောက် ကော်ရှူနေလို့ရတယ်။ တောင်းလို့အဆင်မပြေရင် ပလုံကောက်တယ်။ ရပ်ကွက်တွေထဲ လျှောက်မကောက်ချင်တဲ့နေ့တွေဆို ရေထဲက မျောလာတာတွေထဲက ရောင်းလို့ရတာကို ကောက်တယ်” ဟု ကော်ရှူသည့် လူငယ်တစ်ဦးကပြောသည်။
” သူငယ်ချင်းတွေစုပြီးနေကြတာ။ ရဲဖမ်းတာလဲ ခံဖူးတယ်။ ဒါပေမယ့် ပြန်လွတ်လာတယ်။ မအိပ်ခင်လဲရှူတယ်။ အိပ်ယာနိုးလဲရှုတယ်။ အစကတော့ ထမင်း မဆာအောင် ရှူတာ။ လန်းချင်တာလေ။ ခုတော့ ထမင်းမစားချင်တော့ဘူး။ ကော်ပဲရှုချင်တယ် ” ဟု ၎င်းကဆိုသည်။
၎င်းတို့၏ အသက်အရွယ်မှာ ၁၆ အောက်အရွယ်များ ဖြစ်ပြီး မိဘမဲ့ အိမ်ခြေမဲ့ များဖြစ်ကြောင်း သိရှိရသည်။
” ကော်ရှူတာကို မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းလို့မရဘူးလို့တော့ ပြောလို့မရဘူး။ ကော်ရှူတာ လည်းပဲမူးယစ်သော နည်းလမ်းကို လုပ်တာပဲ။ ဒါပေမယ့် ကော်ရှူတာနဲ့ပတ်သက်ပြီး ဥပဒေအရ ခွင့်ပြုချက်မရှိဘူး။ ကော်ရှူတာနဲ့ပတ်သက်ပြီး ဘယ်လို အရေးယူဆောင်ရွက်နိုင်မယ် ဆိုတာကိုတော့ စဉ်းစားရမယ် ” ဟု ရှေ့နေ ဦးအောင်ထွန်း ကပြောသည်။
ကော်ရှူသည့် အလေ့အထမှာ ဦးနှောက်အာရုံကြောများထိခိုက်ပြီး သေဆုံးသည် အထိ ဖြစ်နိုင်သည့်အပြင်ရာဝတ်မှုများလဲ ဖြစ်လာကြောင်း သိရသည်။
” ဘယ်လို အရေးယူမယ်ဆိုတာတော့ ဒီနေ့ချိန်ထိ ပြဌာန်းထားတာ မရှိသေးဘူး။ ဒါပေမယ့် ကော်ရှူပြီး အသုံးလွန်ပြီး သေသွားတာတွေလဲ သာဓက ရှိတယ်။ ကော်ရှူတဲ့လူငယ် အများစုက လမ်းဘေးက လူငယ်တွေဖြစ်နေတယ်။ ကျောင်းနေရမယ့် အရွယ်တွေပါ ” ဟု ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကော်ရှူသည့် လေလွင့် လူငယ်များ များပြားလာခြင်းကို အစိုးရမှ ဒေသန္တ အမိန့်ထုတ်၍ စောလျင်စွာ တားဆီးရန် လိုအပ်နေပြီး ကော်ရှူသည့် လူငယ်များ၏ ဘဝကို ပြန်လည်တည့်မတ်နိုင်ရန်အတွက် လူမှုကူညီရေး အဖွဲ့များကလည်း ပါဝင်အားဖြည့် ကူညီသင့်ကြောင်း ဥပဒေပညာရှင် ၊ ဆေးပညာရှင်များက သုံးသပ်ပြောကြားသည်။
By – နေထက်
MUNA
MUNA
ဓာတ်ပုံ – ကိုမျိုး
https://www.isabellaonlinemm.com/7318/?fbclid=IwAR0ZAxWfgDZnedJT2S7I4uIhEJr8_t0AE4qATaU8zNdbJW4uGIhq-Yl68ew
No comments:
Post a Comment